Fical At Home

အိမ်မှာပဲ Facial လေးလုပ်ကြမယ် ။
မင်္ဂလာပါချစ်တို့ရေ ။ ဒီတစ်ခါကျွန်မပြောပြချင်တာလေးကတော့ spa တွေ salon တွေသွားဖို့မလို အိမ်မှာပဲမျက်နှာကို ချေးချွတ်ပေါင်းတင်ကြဖို့ နည်းလမ်းလေးတွေပါ ။ ကျွန်မအခုနောက်ပိုင်းမှာ facial ကိုအိမ်မှာအမြဲလိုလိုသေချာလုပ်ဖြစ်တာရော တစ်ကယ်လည်းသိသာတာရော ငွေကုန်သက်သာစေတာရောကြောင့် ကိုယ့်စာဖတ်အမျိုးသမီးတွေကိုလည်း သိစေချင် နည်းလမ်းလေးတွေပေးချင်ပါတယ် ။ အဆင့်အလိုက် ဘယ်လိုလုပ်ရတယ်ဆိုတာ ကြည့်လိုက်ကြမယ်နော် ။
လိုအပ်သောပစ္စည်းများ –
၁။ Cleansing Oil ဒါမှမဟုတ် သန့်စင်သောအဆီတစ်မျိုးမျိုး ( coconut oil , olive oil , Argen oil … )
ခေါင်းလိမ်းဖို့ထုတ်ထားတဲ့ အမွှေးနံ့ပါတဲ့အဆီတွေမရပါဘူး ။
၂။ Facial Steam လုပ်ဖို့ ရေဇလုံတစ်ခုနဲ့ မျက်နှာသုတ်ပဝါ အသေးတစ်ခု
၃။ Deep Cleansing Mask / Clay Mask တစ်မျိုးမျိုး
၎။ Facial Scrub
၅။ Facial Cleanser / Facial Foam
၆။ Hydrating Mask
၇။ Toner + Moisturizer
ပထမဆုံးကျွန်မတို့မျက်နှာပေါ်ကို cleansing oil စလိမ်းပါမယ် ။ သနပ်ခါးလိမ်းတဲ့သူဖြစ်ဖြစ် ၊ မိတ်ကပ်လိမ်းတဲ့သူဖြစ်ဖြစ် ၊ ဘာမှမလိမ်းထားသူဖြစ်ဖြစ် ဒီအဆင့်ထည့်ကိုထည့်ရပါမယ် ။ အဆီကိုမျက်နှာပေါ်ကိုလိမ်းပြီးတာနဲ့ မျက်နှာကိုရေနွေးငွေ့ခံရပါမယ် ။ Facial steaming လုပ်တဲ့စက်တွေရှိရင်တော့အကောင်းဆုံးပါ ။ မရှိတဲ့သူကလည်းစိတ်မညစ်ပါနဲ့ ။ ဂေဇလုံအသန့်တစ်ခုထဲကို ပွက်ပွက်ဆူပြီးအငွေ့ထနေတဲ့ ရေနွေးပူထည့်ပါ ။ အဲ့အပေါ် တစ်ပေခန့်မှာမျက်နှာအပ်ပြီး ရေနွေးငွေ့တွေ ဘေးကိုမပြန့်အောင် မျက်နှာသုတ်ပဝါလေး ခေါင်းကိုအုပ်ထားပေးလို့ရပါတယ် ။
ရေနွေးငွေ့နဲ့တွေ့လိုက်တာနဲ့ မျက်နှာပေါ်ကချွေးပေါက်တွေပွင့်သွားပြီး အဲ့လိုအချိန်မျိုးမှာ cleansing oil နဲ့ချွေးပေါက်တွေထဲရော မျက်နှာတစ်ပြင်လုံးရော နှိပ်နယ်သန့်စင်ပေးပါ ။ နှိပ်တဲ့အခါမျက်နှာသွေးလည်ပတ်မှုကောင်းလာမှာဖြစ်ပြီး ချွေးပေါက်တွေပွင့်နေတဲ့အထဲကို သန့်စင်တဲ့အဆီတွေကရောက်သွားကာ ချွေးပေါက်တွေထဲက မိတ်ကပ် သနပ်ခါး အညစ်အကြေးအကျွင်းအကျန်တွေကို အဆီထဲမှာပျော်ဝင်သန့်စင်သွားစေမှာပါ ။ အဆီနဲ့ချေးချွတ်တာ ၁-၂ မိနစ်လောက်အချိန်ပေးလုပ်ဆောင်ပါ ။ မျက်နှာမှာသာမက လည်ပင်းတွေပါလုပ်ပါ ။ နှိပ်နယ်သန့်စင်ပေးပြီးရင် အဆီတွေကို တစ်ရှုးနဲ့သုတ်ချလိုက်ပါ ။ ဒီအဆင့်မှာတော့ ကျွန်မက Dermalogica ရဲ့ precleanse ကိုအမြဲသုံးပါတယ် ။
နောက်တစ်ဆင့်ကတော့ deep cleansing mask တွေတင်ပေးရမှာဖြစ်ပါတယ် ။ ကျွန်မကတော့ဒီအဆင့်မှာ Clinique ရဲ့ Anti-Blemish Solution Oil Control Deep Cleansing Mask ဒါမှမဟုတ် Dermalogica ရဲ့ Charcoal Mask ကိုသုံးပါတယ် ။ ၁၀-၁၅ မိနစ်လောက်ထားလိုက်ရင် အဲ့ဒီ mask တွေကတစ်ဖြည်းဖြည်း တင်းလာခြောက်လာပြီးခုသုံးထားတဲ့ cleanser oil လက်ကျန်တွေရော ချွှေးပေါက်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေပါ စုပ်သွားပါလိမ့်မယ် ။ အနာရွတ်ရှိသူတွေဆိုရင် အပေါ်ယံကညိုနေတဲ့ အသားမာလွှာလေးတွေ တစ်ဖြည်းဖြည်းချင်းပါသွားပါလိမ့်မယ် ။ ဆားဝက်ခြံတွေနဲ့ black head တွေလည်း ထွက်သွားပါလိမ့်မယ် ။ အဲ့ဒီ့နောက်မှာ မျက်နှာပေါ်က mask တွေကိုရေဆေးချလိုက်လို့ရပါပြီ ။
Mask ကိုရေဆေးချပြီးတဲ့အချိန်မှာ မျက်နှာပေါ်ကညစ်နေတဲ့နေရာတွေ ကြမ်းနေတဲ့နေရာတွေ အဆီဖုတွေထွက်နေတဲ့နေရာတွေ ဝက်ခြံအဆံသေးသေးလေးတွေရှိတဲ့နေရာတွေပေါ်ကို scrub လေးတစ်ခုနဲ့စက်ဝိုင်းပုံလှည့်ပြီး ပွတ်တိုက်ပေးပါ့မယ် ။ အဲ့လိုလုပ်ပေးချင်းဖြင့် dead cell တွေရော အရေပြားအမာတွေကြမ်းနေတာတွေပါသွားပြီး ချွေးပေါက်တွေအလုံးစုံပွင့်ကာ မျက်နှာအသားအရည်က baby skin လိုနုချောပြီးကျန်ခဲ့ပါလိမ့်မယ် ။ Scrub ကိုရေဆေးချပြီးတဲ့နောက်မှာတော့ မျက်နှာတစ်ခုလုံးသန့်စင်သွားဖို့ မျက်နှာသစ်ဆေးနဲ့မျက်နှာသစ်ရပါမယ် ။ မျက်နှာသစ်ဆေးနဲ့သစ်ပြီးတဲ့အချိန်မှာ မျက်နှာကိုခြောက်သွေ့စင်ကျယ်သွားအောင် သုတ်ပစ်လိုက်ပါ ။ ကျွန်မရဲ့ fav အမြဲသုံးတဲ့ scrub ကတော့ Demalogica ရဲ့ micro exfoliate ဆိုတဲ့ဆန်မှုန့်နဲ့လုပ်ထားတဲ့ ရေဖျော်သုံးရတဲ့ scrub ပါ ။
အဆီတွေအညစ်အကြေးတွေစင်ပြီး နုချောနေတဲ့ skin ပေါ်ကို အထုတ်လေးတွေနဲ့လာတဲ့ hydrating sheet mask လေးတွေသုံးပေးပါ ။ အဲ့ဒီ့ mask လေးတွေက moisturizer ပုံမှန်လိမ်းတာထက် ၁၀ ဆလောက်ပိုအစွမ်းထက်တာမို့ အခုလိုမျက်နှာအသားအရည်သန့်ရှင်းစင်ကြယ်နေချိန်မှာ သုံးဖို့အသင့်တော်ဆုံးပါပဲ ။ Mask ကို ၁၀ မိနစ်လောက်ကပ်ပေးလိုက်ပြီးတဲ့အချိန်မှာ မျက်နှာကအရမ်းကိုနူးညံ့စိုပြည်နေမှာပါ ။ အဲ့ဒီ့ mask လေးတွေကိုတော့ Dr.Wu က သုံးခုကိုတစ်ဘူးပါတဲ့ Mask လေးတွေသုံးဖြစ်နေပါတယ် ။
အဲ့ဒီ့အဆင့်ပြီးသွားချိန်မှာတော့ ပုံမှန် skincare step လေးတွေပြန်လုပ်ပြီး skin ကိုအနားပေးလို့ရပါပြီ ။ အခုပြောသွားတာတွေအတွက် ဈေးကြီးတဲ့ skincare တွေမသုံးနိုင်ဘူးဆိုရင် cleansing oil နေရာမှာ သန့်စင်တဲ့အဆီတစ်မျိုးမျိုး ၊ Deep cleansing mask နေရာမှာ ကြက်ဥအကာနဲ့သံပုရာသီး mask ၊ Facial scrub နေရာမှာ သကြား ပင်လယ်ဆား ကော်ဖီမှုန့် စတာတွေနဲ့ ၊ Hydrating mask နေရာမှာ ထောပတ်သီး သခွားသီး လျှားစောင်းလတ်ပတ်အနှစ် စတာတွေကိုအစားထိုးသုံးနိုင်ပါတယ် ။ အခုကျွန်မပြောသွားတဲ့ Facial care ကို နှစ်ပတ်တစ်ကြိမ် တစ်လနှစ်ကြိမ်အထိပြုလုပ်လို့ရပါတယ်ရှင့် ။ ချစ်ဆုံးတို့ ကျန်းမာလှပတဲ့ မျက်နှာအသားအရည်ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင် ။ ကောင်းသောနေ့လေးဖြစ်ကြပါစေရှင့် ။ #phyodaybyday

4,385 Comments